Want create site? Find Free WordPress Themes and plugins.

ဂျုံသီးနှံသုတေသန

မြန်မာနိုင်ငံတွင် ဂျုံသုတေသနလုပ်ငန်းများကို ၁၉၁၄ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်း ခရိုင်၊ ပဒူစိုက်ပျိုးရေးဥယျာဉ်၌ ပြည်တွင်းဂျုံမျိုးများ စုဆောင်း၍ မျိုးရွေးချယ်ခြင်းလုပ်ငန်းအား စတင်ဆောင်ရွက် ခဲ့ပါသည်။ ၁၉၄၆ ခုနှစ်မှစ၍ ဂျုံမျိုးပေါင်း ရာနှင့်ချီ၍ ပြည်ပနိုင်ငံများမှ တင်သွင်း ပြီး ဒေသနှင့်ကိုက်ညီသော မျိုးများရွေးချယ်ခဲ့ပါသည်။ ၁၉၄၆ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှ တင်သွင်းသည့် IP-4 မှာ စစ်ကိုင်း တိုင်းတွင်လည်းကောင်း၊ WC-4 မှာ ရှမ်းပြည်နယ်တွင် လည်းကောင်း၊ ကျယ်ပြန့်စွာ စိုက်ပျိုးပြီး မုံရွာဂျုံဖြူ၊ ရှမ်းဂျုံဖြူဟု အမည်တပ်၍ ယနေ့အထိ ဒေသမျိုးဟုယူဆ၍ တောင်သူများလက်ခံစိုက်ပျိုးခဲ့ကြပါသည်။ ယင်း ဂျုံဖြူမျိုးတို့မှာ ရာသီဥတုအေးသောဒေသတွင် နနွင်းရောဂါကျရောက်သဖြင့် ၁၉၆၈ ခုနှစ်တွင် နနွင်းရောဂါ ဒဏ်ခံနိုင်ရည်ရှိသော ပါကစ္စတန်နိုင်ငံမှ မျိုးများကို မှာယူတင်သွင်းခဲ့ရာ Maxipak, Kalayansona, Shabatisonora စသည့် အထွက်ကောင်းမျိုးများအား ဖြန့်ဖြူးခဲ့ပါသည်။ ၁၉၈၂ ခုနှစ်တွင် UNDP အစီအစဉ်ဖြင့် Pakistan နိုင်ငံမှပင် V-1287; Lh-26; LYP-73, Blue Silver နှင့် SA-75 မျိုးများ မှာယူ တင်သွင်းခဲ့ပါသည်။ သို့သော် ယင်းဂျုံများမှာ အစေ့အရောင် နီညိုရောင်ရှိခြင်း၊ ဂျုံစေ့အရည်အသွေး နူးညံ့ပျော့ပြောင်းမှုမရှိခြင်းတို့ကြောင့် မုံရွာဂျုံဖြူ၊ ရှမ်းဂျုံဖြူတို့ကိုသာ တောင်သူများ လက်ခံစိုက်ပျိုးခဲ့ပါသည်။

၁၉၇၆ ခုနှစ်မှစ၍ ယနေ့အထိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် Mexico နိုင်ငံရှိ အပြည် ပြည်ဆိုင်ရာ ပြောင်းဖူးနှင့်ဂျုံသုတေသနဌာနနှင့် ပူးပေါင်း၍ ဂျုံနှင့် ပြောင်းဖူးသုတေသနလုပ်ငန်းကို ပူးတွဲ ဆောင်ရွက်လျက်ရှိပါသည်။ ၁၉၇၆-၁၉၇၉ ခုနှစ်အထိ ပြည်ပမှ မျိုးများ မှာယူ တင်သွင်းခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်ခဲ့ပြီး ၁၉၈၀ ခုနှစ်မှစ၍ ပြည်တွင်းမျိုးစပ်ခြင်းလုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့ပါသည်။

ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ

မျိုးသစ်မွေးမြူရွေးချယ်ခြင်း

ပြည်ပမျိုးများတင်သွင်းရွေးချယ်ခြင်း

၁၉၇၆ ခုနှစ်မှစ၍ ယနေ့အထိ Mexico နိုင်ငံရှိ ICIMMYT မှ နှစ်စဉ်မျိုးလိုင်းပေါင်း ၁၀၀-၃၀၀ အထိ မှာယူတင်သွင်း၍ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ သုတေသနခြံများတွင် စမ်းသပ်ရွေးချယ် လျက်ရှိ ပါသည်။

မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း

၁၉၈၀ ခုနှစ်မှစတင်၍ ယနေ့အထိ ဇလုပ်၊ ပန်းကုန်းနှင့် အောင်ပန်းသုတေသနခြံတွင် ဆောင်ရွက်ခဲ့ ပါသည်။ နှစ်စဉ်မျိုးကူးစပ်မှုအတွဲပေါင်း(၁၅)တွဲခန့် မျိုးကူးစပ်ခဲ့ပြီး ဒုတိယ သားဆက် မှ ဆဌမသားဆက်ထိ မျိုးလိုင်းပေါင်း(၁၅၀၀) ခန့် ရွေးချယ်လျက်ရှိပါသည်။

မျိုးမွေးမြူရေးနည်းလမ်းအမျိုးမျိုးဖြင့် ရွေးချယ်ရရှိသော အလားအလာကောင်းသော မျိုးပေါင်း (၁၅-၂၀)မျိုးကို ဒေသအသီးသီးတွင် နှစ်စဉ်စမ်းသပ်စိုက်ပျိုးရွေးချယ်လျက်ရှိပါသည်။

သုတေသနရလဒ်

၁၉၈၀ ခုနှစ်မှ ၁၉၈၆ ခုနှစ်အတွင်း ပြည်ပမျိုးများ မှာယူတင်သွင်းရွေးချယ်ခြင်းလုပ်ငန်း အစီအစဉ်ဖြင့် မျိုးကူးစပ်ရွေးချယ်ခဲ့ပြီး ၂၀၀၀-၂၀၀၁ ခုနှစ်မှစတင်၍ ပြည်တွင်းမျိုးကူးစပ်ခြင်း အစီ အစဉ်အရ ဂျုံမျိုးပေါင်း (၁၁)မျိုး ထုတ်ဝေနိုင်ခဲ့ပါသည်။ ယနေ့ထိ ကျယ်ပြန့်စွာ စိုက်ပျိုးနေသော မျိုးများမှာ ရေဆင်း-၈၊ ရေဆင်း-၉၊ ရေဆင်း-၁၀၊ ဇလုပ်ဂျုံဖြူ-၁၊ ဇလုပ်ဂျုံဖြူ-၄၊ ဇလုပ်ဂျုံဖြူ-၈ တို့ ဖြစ်ပြီး စုစုပေါင်း စိုက်ဧရိယာ ၏(၅၀%) ပျံ့နှံ့လျက်ရှိပါသည်။

Did you find apk for android? You can find new Free Android Games and apps.