Want create site? Find Free WordPress Themes and plugins.

နှံစားပြောင်း

နှံစားပြောင်းသုတေသနလုပ်ငန်းအား ၁၉၈၀ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ အပြည်ပြည်ဆိုင် ရာ အပူပိုင်းဇုံသုတေသနဌာန (ICRISAT) မှ Amylose (၂၆-၃၀%) ခန့်ပါဝင်သော နှံစားပြောင်းမျိုးများကို မှာယူတင်သွင်း၍ စစ်ကိုင်းတိုင်းရှိ ပဒူခြံ၊ မန္တလေးတိုင်းရှိ မလှိုင်၊ တပ်ကုန်းစိုက်ပျိုးရေးခြံများတွင် စမ်းသပ် စိုက်ပျိုး၍ ဒေသနှင့်ကိုက်ညီသော မျိုးများကို ရွေးချယ်ခဲ့ပါသည်။ နှံစားပြောင်းသီးနှံအား အရေးကြီး သီးနှံအဖြစ် သတ်မှတ်မထားသော်လည်း မိုးခေါင်သော နှစ်များတွင် ဆန်ရှားသော ဒေသများ၌ ဆန်အဖြစ် စားသုံးကြသဖြင့် အစေ့ထွက်ကောင်းသောမျိုးကိုသာ အဓိကထား၍ ရွေးချယ်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ်မှစတင်၍ မြန်မာပြည်အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသရှိ တောင်သူများတွင် ကျွဲ၊ နွားများအား အစာအတွက် အခက် အခဲရှိသဖြင့် ယင်း ပြဿနာအား ကျော်လွှားနိုင်ရန် အစေ့ထွက်နှင့် အရိုးထွက်ကောင်းသော နှံစားပြောင်းများ မှာယူ တင်သွင်းရွေးချယ်ခဲ့ပါသည်။

ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ

ပြည်ပမျိုးများ တင်သွင်းရွေးချယ်ခြင်း

၁၉၈၀ မှ ၁၉၈၆ ခုနှစ်ထိ အိန္ဒိယနိုင်ငံ ICRISAT မှ နှစ်စဉ် နှံစားပြောင်းအနီမျိုးများ (၅၀) ကျော်ခန့် တင်သွင်းရွေးချယ်ခဲ့ရာ ရွှေနီ ၁ မှ ရွှေနီ ၈ အထိ အောင်မြင်စွာ ထုတ်လုပ်ဖြန့်ဝေ နိုင်ခဲ့ပါသည်။ သို့ရာ တွင် ယင်းမျိုးများမှာ ကျေးငှက်များ ဖျက်ဆီးမှုကြောင့် အထွက်လျော့ခြင်း၊ နှံစားပြောင်းအား စားသုံးရာတွင် နူးညံ့မှုမရှိခြင်း၊ နှံစားပြောင်းအပင်အရပ်နိမ့်ခြင်းကြောင့် နွားစာ အဖြစ် အသုံးမပြုနိုင်ခြင်းတို့ကြောင့် တောင်သူ များထံ မပျံ့နှံ့ခဲ့ပါ။ ၁၉၈၇ မှစ၍ အစေ့ထွက်နှင့် အရိုးထွက်ကောင်းသော နှံစားပြောင်းဖြူမျိုးများကို တင်သွင်း ၍ ရွေးချယ်ခဲ့ရာ ICSV-804 နှင့် ICSV-735 တို့မှာ တောင်သူများ၏ လက်ခံနှစ်သက်မှုကို ရရှိခဲ့သဖြင့် ဧရိယာပျံ့နှံ့ခဲ့ပါသည်။

မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း

ပြည်ပမျိုးများနှင့် ဒေသမျိုးများအား မျိုးကူးစပ်ရွေးချယ်ခြင်းကို ၁၉၈၆ ခုနှစ်မှစတင်၍ ၁၉၉၁ ခုနှစ်ထိ ဆောင်ရွက်ခဲ့ပါသည်။ နှစ်စဉ်အတွဲပေါင်း(၁၀)တွဲထိ မျိုးကူးစပ်ခဲ့ပါသည်။ ယခုအခါ မျိုးကူးစပ်ရွေးချယ်ခြင်းမရှိပါ။

သုတေသနရလဒ်

ရေဆင်းနှံစားပြောင်းဖြူ-၁ (ICSV-804)၊ ရေဆင်းနှံစားပြောင်းဖြူ-၂ (ICSV-735) နှင့် ပြည်တွင်း မျိုးကူးစပ်ခြင်းလုပ်ငန်းမှရရှိသော ရေဆင်းနှံစားပြောင်းဖြူ-၃ ထိ စုစုပေါင်း(၃)မျိုး ထုတ်ဝေခဲ့ရာ ရေဆင်းနှံစားပြောင်းဖြူ-၃ မှာ ယနေ့အထိ မုံရွာ၊ အရာတော်၊ မြင်းခြံမြို့နယ်တို့တွင် တောင်သူများ ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိပါသည်။

Did you find apk for android? You can find new Free Android Games and apps.